
ဘုရားထောက်ခံ နည်းလမ်းမှန်
ထုတ်ဝေသည့်နေ့: 02/09/2026
မြတ်စွာဘုရားသည် ပုဂ္ဂိုလ်စွဲ၊ အကြိုက်အမုန်းတို့မပါဘဲ မှန်ကန်ပြီး အကျိုးရှိသောအရာကိုသာ လက်ခံကျင့်သုံးရန် သွန်သင်တော်မူခဲ့သည်။ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ ကိုယ့်ကိုယ်ကို ကောင်းမွန်မှန်ကန်စွာ စောင့်ရှောက်နိုင်မှသာ တခြားသူများကို စောင့်ရှောက်ကူညီပြီး လူမှုအသိုင်းအဝိုင်း၏ တိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ဆပ်ကပ်ဆရာတပည့်နှစ်ယောက်ရဲ့ စကားကို ပြောပြပြီး မြတ်စွာဘုရားက တပည့်ပြောတာက ပိုသင့်မြတ်တယ်-တဲ့။ ဒါကြောင့် အမှန်တရားဆိုတာ အမှန်တရားပါပဲလို့ ပြောတာ။ ကြိုက်မကြိုက်တွေ ပုဂ္ဂိုလ်စွဲတွေ မပါဘူး။ ချစ်ခြင်းမုန်းခြင်းတွေ မပါဘူး။ အကြောင်းအရာ အချက်အလက် မှန်မမှန် ဟုတ်မဟုတ်ပဲ၊ မှန်ရင် ဟုတ်ရင် အကျိုးရှိမရှိပဲ၊ ဒါပဲ။
ဘုရားရှင်က မှန်တာနဲ့ အကျိုးရှိတာကိုပဲ လုပ်တယ် ပြောတယ်၊ ထောက်ခံတယ်။ အခုလည်း တပည့်ပြောတာက နည်းလမ်းကျတယ် မှန်တယ်တဲ့။ သူပြောတာ ကြည့်လေ၊ ကိုယ့်အလုပ်ကို လုပ်ရမယ်တဲ့။ ဒါမှ ကိုယ့်ပညာနဲ့ ချမ်းချမ်းသာသာ အသက်မွေးရမယ်တဲ့။
လူတိုင်းအတွက် နေ့စဉ်အခြေခံက စားဝတ်နေရေးပဲ။ အဲဒီကနေတစ်ဆင့် စားနေတာကိုက အလုပ်လုပ်ဖို့ ဖြစ်ရမယ်။ ဒါမှ ဘုရားအလိုတော်ကျမယ်။ ကျမှလည်း လောကဓမ္မ ကြီးပွားမှာ။ ကြည့်လေ .... “လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အသက်မျှတမ်း၊ မမောပန်းသား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ”တဲ့။ စားတယ်ဆိုတာ အလုပ်လုပ်ဖို့ပဲ။ စားဖို့လုပ်နေရရင် လူစဉ်မီမှာ မဟုတ်ဘူး။ လူစဉ်မှမီရင် တစ်နည်းပြောရင် ကိုယ့်ကိုယ်ကိုမှ မစောင့်ရှောက်နိုင်ရင် သူများကို ဘယ်လိုလုပ် စောင့်ရှောက်နိုင်မလဲ။
ဒါကြောင့် ဘုရားရှင်က ဆရာတပည့်စကားတွေမှာ တပည့်ပြောတာ နည်းလမ်းကျတယ်လို့ ပြောတယ်။ နည်းလမ်းကျမှ မှန်မှ အကျိုးရှိမယ်။ မမှန်ရင် အကျိုးမရှိဘူးလားဆိုရင် အပေါ်ယံကြည့်ရင် အကျိုးရှိတာမျိုး မြင်ရတယ်။ ဥပမာ အချိုရည်မှာ အဆိပ်ပါသလိုမျိုးပဲ။ ခဏတော့ ဟုတ်တယ်။ အပေါ်ယံက ချိုတယ်။ နောက်တော့ ဒုက္ခရောက်ရတယ်။
(ဆက်ပါဦးမည် ... )။
ကိုယ့်ကိုယ်ကို ကောင်းမွန်မှန်ကန်စွာ စောင့်ရှောက်ပြီး တခြားသူတွေကို ချမ်းသာကြီးပွားအောင် စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ။
မေတ္တာဖြင့်-
ဒေါက်တာအရှင်ဥတ္တမာနန္ဒ
ဓမ္မဓရကောလိပ်၊ မန္တလေး။
၀၂/၁၂/၂၀၂၄ (တနင်္လာနေ့)
ကိုယ့်အလုပ်ကိုယ်လုပ်