
သုတေသနဆိုတာ ဘာလဲ၊ သုတေသီတွေက ဘယ်လိုစဉ်းစားကြသလဲ
ဒေါက်တာ အရှင်ဥတ္တမာနန္ဒ ပေရာဒေနိယတက္ကသိုလ် · ထုတ်ဝေသည့်နေ့: 21/08/2026
သုတေသနဆိုတာ မေးခွန်းတစ်ရပ်ကို ဖြေရှင်းရန် အချက်အလက်နှင့် အထောက်အထားများကို စနစ်တကျ ရှာဖွေစူးစမ်းပြီး တွေ့ရှိချက်များကို ရှင်းလင်းစွာ မျှဝေတင်ပြခြင်း ဖြစ်သည်။ ဤဆောင်းပါးတွင် သုတေသန၏ အဓိပ္ပါယ်နှင့် သုတေသီများ၏ စဉ်းစားပုံကို ရှင်းပြထားသည်။
၁။ သုတေသနဆိုတာ ဘာလဲ၊ သုတေသီတွေက ဘယ်လိုစဉ်းစားကြသလဲ
၁၊၁။ သုတေသနဆိုတာ
၁၊၂။ သုတေသီတွေက ရည်မှန်းချက်တွေကို ဘယ်လိုစဉ်းစားသလဲ
၁၊၃။ စာဖတ်သူတွေနဲ့ ပြောဆိုခြင်း
သိပ္ပံဆိုင်ရာ တီထွင်ဆန်းသစ်မှုအကြောင်း ဒါမှမဟုတ် ကမ္ဘာ့ရေးရာ အကျပ်အတည်းအကြောင်းတွေ ဖတ်ရှုရတာတွေဟာ တခြားသူတွေရဲ့ သုတေသနအကျိုးကျေးဇူးကို ခံစားရတာ ဖြစ်ပါတယ်။ အဆိုပါ သုတေသီတို့ကလည်း ရှေ့ရှေ့လူများရဲ့ သုတေသနကျေးဇူးတွေကို ရရှိခဲ့ကြတာပါ။
စာကြည့်တိုက်ထဲ ဝင်သွားမိရင် ရာစုပေါင်း (၂၅) ခုစာ မကတဲ့ သုတေသနတွေကြားထဲ ရောက်သွားသလိုပဲ။ အင်တာနက်ပေါ် ရောက်သွားရင်လည်း မေးခွန်းတွေ အမြောက်အမြား ထုတ်ခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ သုတေသီတွေရဲ့ စာတမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းပြဿနာတွေကို ဖြေဆိုနိုင်ရေးအတွက် တခြားသုတေသီတွေရဲ့ ဖော်ပြဖို့ခက်ခဲလောက်အောင် များပြားတဲ့ အချက်အလက်တွေကို ရှာဖွေစုဆောင်းခဲ့ကြရပါတယ်။ ပြီးမှ သူတို့ရဲ့ ရှာဖွေတွေရှိချက် အဖြေတွေကို ကျန်တဲ့သူတွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်ပြီး သုတေသနတွေ ဆက်လုပ်နိုင်ပါတယ်။ အပြန်အလှန်အနေနဲ့ မေးခွန်းပြဿနာ အသစ်များကိုလည်း ဖြေရှင်းပေးသွားနိုင်ပါတယ်။
အစိုးရတွေဟာ သုတေသနနဲ့ပတ်သက်ပြီး ဘီလျံနဲ့ချီကာ သုံးစွဲကြပါတယ်။ ကုမ္ပဏီတွေဆိုရင် ဒီထက်မကတောင် အကုန်ခံကြပါတယ်။ သုတေသနလုပ်ငန်းတွေကို လက်တွေ့စမ်းသပ်ခန်းနဲ့ စာကြည့်တိုက်တွေ၊ တောကြီးမျက်မည်းနဲ့ သမုဒ္ဒရာကြမ်းပြင်တွေ၊ ဥမင်လိုဏ်ခေါင်းတွေနဲ့ အာကာသတွေ၊ ရုံးခန်းတွေနဲ့ ဒီကနေ့လို သတင်းအချက်အလက် ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့အိမ်ကနေတောင်မှ လုပ်ဆောင်နေကြပါတယ်။ တကယ်တော့ သုတေသနဟာ ကမ္ဘာ့အကြီးမားဆုံး လုပ်ငန်းကြီးတစ်ခုပါ။
ဒီလိုဆိုရင် ..... ဘယ်ဟာကို သုတေသနလို့ ပြောတာပါလဲ။
၁၊၁။ သုတေသနဆိုတာ
သုတေသနဆိုတာ အချက်အလက်တွေကို ရှာဖွေစုဆောင်းပြီး မေးခွန်းပြဿနာတစ်ရပ်ကို ဖြေရှင်းတာဆိုတဲ့ အခြေခံနားလည်မှုမျိုး စာဖတ်သူမှာ ရှိပြီးဖြစ်ပါလိမ့်မယ်။ ဒီသဘောအရဆိုရင် သုတေသနဆိုတာ ဖုန်းအသစ်တစ်လုံးကို ရွေးချယ်ဝယ်ယူသလိုမျိုး ရိုးရှင်းနိုင်သလို သက်ရှိတွေရဲ့ မူလအစကို ရှာဖွေဖော်ထုတ်သလိုမျိုးလည်း ခက်ခဲရှုပ်ထွေးနိုင်ပါတယ်။
ဒီစာအုပ်မှာ သုတေသန (Research) ဆိုတဲ့ ဝေါဟာရကို တိကျတဲ့ အဓိပ္ပါယ်နဲ့ အသုံးပြုထားပါတယ်။ ဆိုလိုတာက သုတေသနဟာ သုတေသနလုပ်သူကိုယ်တိုင်ရော အခြားသူတွေပါ သိရှိလိုတဲ့ မေးခွန်းပြဿနာတစ်ရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် စနစ်တကျနဲ့ စူးစမ်းလေ့လာတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒါကြောင့် သုတေသနမှာ ရရှိလာတဲ့ ရလဒ်တွေကို တင်ပြတာ ဒါမှမဟုတ် အစီအရင်ခံတာတွေနဲ့ သက်ဆိုင်တဲ့ အဆင့်တွေ ပါဝင်ပါတယ်။ ဒီမှာသုံးထားတဲ့ ဝေါဟာရအရ စစ်မှန်တဲ့ သုတေသီကောင်းတစ်ဦး ဖြစ်ဖို့ရာ မိမိရဲ့ ရှာဖွေတွေ့ရှိချက်တွေနဲ့ သုံးသပ်ချက်တွေကို တခြားသူတွေကို မျှဝေပေးရပါမယ်။
မိမိက သုတေသနလုပ်ငန်းမှာ အစဖြစ်နေသေးတယ်ဆိုရင် မိမိပြုစုမယ့် သုတေသနစာတမ်းဟာ အသိပညာကမ္ဘာကြီးအတွက် မဖြစ်စလောက်သာ အကျိုးပြုမယ်လို့ ထင်ကောင်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုတေသနကို ကောင်းကောင်းမွန်မွန် လုပ်ခဲ့မယ်ဆိုရင် မိမိရဲ့အသိဉာဏ်ဗဟုသုတတွေ တိုးတက်လာပြီး အဲဒီအသိဉာဏ်ဗဟုသုတတွေနဲ့ ပေါင်းကူးချိတ်ဆက်နိုင်စွမ်းတွေကို အများကြီး တိုးတက်သွားစေမှာပါ။ မိမိရဲ့ သုတေသနကို လုပ်ဆောင်ဖို့ လေ့လာရင်းနဲ့ တခြားသူတွေရဲ့ သုတေသနတွေကိုပါ ဘယ်လိုအသုံးချပြီး ဘယ်လိုပုံစံ ဝေဖန်အကဲဖြတ်ရမယ်ဆိုတာကိုလည်း သင်ယူလေ့လာပြီးသား ဖြစ်သွားပါတယ်။ ပညာရပ်ဆိုင်ရာ ကိစ္စတိုင်းမှာ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မချမှတ်မီ တခြားသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ဖတ်ရှုအကဲဖြတ်ရပါတယ်။ ဒါဟာ တခြားသူတွေက မိမိရဲ့ သုတေသနနဲ့ပတ်သက်ပြီး ဘယ်လိုဝေဖန် သုံးသပ်လဲဆိုတာကို လေ့လာသင်ယူပြီးတဲ့နောက်မှာ ပိုကောင်းအောင် မိမိလုပ်နိုင်လာမယ့်အရာလည်း ဖြစ်ပါတယ်။
ယခုစာအုပ်အနေနဲ့ ပညာရပ်ဆိုင်ရာနယ်ပယ်မှာ ပြုလုပ်တဲ့ သုတေသနကို အဓိကထားပေမယ့် ဘဝရှင်သန်နေထိုင်မှုတွေအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ နေ့စဉ်ဖတ်ရှု ကြားသိနေရတဲ့ သုတေသနအကြောင်းတွေလည်း ပါဝင်ပါတယ်။ သုတေသနဆိုင်ရာ အချက်အလက်တွေကို မူရင်းတိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ကြားနဲ့ ကြားသိရတာမျိုး မကြာခဏဆိုသလို ကြုံရတတ်ပြီး၊ အဲဒီအဆိုတွေအပေါ် ထောက်ခံထားတဲ့ အကြောင်းပြချက်နဲ့ အထောက်အထားတွေကို သိရှိဖို့ရာကတော့ ခက်ခဲပါတယ်။ ဘာအကြောင်းနဲ့ဖြစ်ဖြစ် သုတေသနက မျက်စိမှိတ်ယုံခိုင်းတာမျိုး မလုပ်ပါဘူး၊ ယုံကြည်အားကိုးလောက်တယ်ဆိုတဲ့ တစ်စုံတစ်ခုအပေါ် အခြေခံပြီးတော့လည်း ယုံကြည်လက်ခံခိုင်းတာမျိုး မရှိပါဘူး။ အဲဒီအစား အထောက်အထားနဲ့ ကြောင်းကျိုးဆင်ခြင်မှုတွေကို ဆန်းစစ်ဝေဖန်ဖို့ရာသာ ဖိတ်ခေါ်လေ့ရှိပါတယ်။
ဒါကြောင့် သုတေသနအခြေပြု ရေးသားတာနဲ့ ယုံကြည်လာအောင် ဆွဲဆောင်ရေးသားတာမျိုးတွေမှာ ကွာခြားမှု ရှိပါတယ်။ သုတေသနအခြေပြု ရေးသားတာက ကိုယ်ပိုင်ခံစားချက်တွေ ယုံကြည်ကိုးကွယ်မှုတွေနဲ့ မသက်ဆိုင်ဘဲ စာဖတ်သူတွေကလည်း အမှန်တရားအဖြစ် လက်ခံထားတဲ့ ဘုံသဘောတူ အချက်အလက်တွေပေါ်မှာသာ မဏ္ဍိုင်ပြုရပါတယ်။ စာဖတ်သူတွေက မိမိတို့လက်ခံထားတဲ့ အထောက်အထားတွေကတစ်ဆင့် ဖော်ထုတ်တင်ပြထားတဲ့ အဆိုပြုချက်အထိ သုတေသီရဲ့ ကြောင်းကျိုးဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်လံနားလည်နိုင်ရပါမယ်။
ဒါကြောင့် သုတေသီတစ်ဦးရဲ့ အောင်မြင်မှုဟာ အချက်အလက်တွေကို သေသေချာချာ စုဆောင်းခဲ့ပြီး ကျကျနန ခွဲခြမ်းစိတ်ဖြာနိုင်မှုအပေါ်တွင်သာမက အဲဒီအချက်တွေကနေ အဆိုပြုချက် ထွက်လာပုံ၊ ကြောင်းကျိုးဆင်ခြင်ပုံတွေကို ဖတ်ရှုသူတွေကိုယ်တိုင် လိုက်ပါ စစ်ဆေး အကဲဖြတ်နိုင်လောက်တဲ့အထိ ရှင်းရှင်းလင်းလင်း တင်ပြနိုင်မှုအပေါ်မှာလည်း မူတည်ပါတယ်။ အဲဒီလို လုပ်နိုင်မှသာ ဖတ်ရှုသူတွေက သုတေသီရဲ့ အဆိုပြုချက်တွေကို သူတို့အသိဉာဏ်ပညာနဲ့ နားလည်မှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်ခံနိုင်ပါမယ်။
(ဆက်ပါဦးမည်)
မေတ္တာဖြင့်-
ဒေါက်တာအရှင်ဥတ္တမာနန္ဒ
ဓမ္မဓရကောလိပ်၊ မန္တလေး။
၀၉/၀၈/၂၀၂၆ (တနင်္ဂနွေနေ့)
ဝန်ခံချက်နှင့် အာသီသ။ ။
သုတေသနစာတမ်းနှင့်ကျမ်းများ ပြုစုရေးသားကြရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် သုတေသနလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Kate L. Turabian ၏ A Manual for Writers (9th Ed) ကို စီလျော်အောင်ပြန်ဆို (Contextual Translation) ပါသည်။ လွယ်လင့်တကူ နားလည်နိုင်စေရေး ဦးစားပေးသည့်အနေဖြင့် စာဟန်သို့မလိုက်ဘဲ စကားဟန်ဖြင့်သာ ပြန်ဆိုပါသည်။ အသိအမှတ်ပြုမှု အားလုံးသည် မူလရေးသားပြုစုသူ၊ တည်းဖြတ်သူများနှင့် မူပိုင်ရှင်များအတွက် ဖြစ်ပါသည်။ တစ်စုံတစ်ရာ လိုအပ်ချက်ရှိခဲ့သော် ပြန်ဆိုသူမိမိ၏ အားနည်းချက်ကြောင့် ဖြစ်သည်။